အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၅
ရခိုင်ပြည်၊ ဂွမြို့နယ်တွင်မိုင်းကွင်းထဲသို့ မတော်တဆရောက်ရှိသွားသည့် ကလေးငယ်တစ်ဦးအားအာရက္ခတပ်တော်(AA)မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဆင်းကယ်စဥ်မိုင်းပေါက်ကွဲ၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်ကရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးတွင် စစ်ကောင်စီတပ်မှထောင်ထားခဲ့သည့် မိုင်းရှင်းလင်းရေးမလုပ်ရသေးသော မိုင်းကွင်းအနီး ကလေးငယ်ငါးဦး ဆော့ကစားနေကြစဥ် ယင်းအထဲမှ အသက်(၈)နှစ်အရွယ် မနန်းနန်းနွယ်မှာဆော့ကစားရင်း မိုင်းကွင်းထဲသို့ မတော်တဆရောက်ရှိသွားခဲ့သည်ဟု သိရသည်။
ယင်းအချိန်တွင် AA မှအသက်(၂၅)နှစ်အရွယ် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက အဆိုပါကလေးငယ်အားမိုင်းကွင်းထဲသို့ဆင်းပြီး ကယ်ဆယ်ရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ဆင်းကယ်သူတွင် ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"အဲဒီဗိုလ်ကြီးနဲ့ တပည့်တစ်ယောက်က အဲဒီရွာကိုတာဝန်နဲ့သွားတာပါ။ မိုင်းရှင်းတဲ့ပစ္စည်းကိရိယာတွေလည်းမရှိတော့ တပ်တော်က မိုင်းရှင်းလင်းရေးအဖွဲ့တွေရောက်အောင်စောင့်ပါဆိုပြီး တားပါသေးတယ်။ အဲဒီကလေးတခုခုဖြစ်မှာစိုးပြီး ကယ်ချင်ဇောနဲ့ကလေးကိုကယ်ဖို့ မိုင်းရှင်းလင်းရေးမလုပ်ရသေးတဲ့ မိုင်းကွင်းထဲကိုဆင်းသွားတာ။ ကလေးကိုချီပြီးတော့ မိုင်းကွင်းကအထွက်မှာမိုင်းပေါက်ကွဲပြီးတော့ ပြင်းထန်ဒဏ်ရာရသွားပါတယ်"ဟု ပြောသည်။
ယင်းမိုင်းပေါက်ကွဲစဥ် အဆိုပါဗိုလ်ကြီးမှာ ထိခိုက်မှုမရှိရအောင် ကလေးငယ်နှင့်အတူ မြေကြီးပေါ်သို့မှောက်လဲလိုက်သော်လည်း ပြင်းထန်ဒဏ်ရာရရှိသွားပြီး ကလေးငယ်တွင်မူ ထိခိုက်ဒဏ်ရာရရှိသွားခြင်းမရှိခဲ့ဟု သိရသည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်၍ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါမိုင်းကွင်းမှာ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်ဆုပ်ပြေးသောစစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောင်ထားခဲ့သည့် မိုင်းရှင်းလင်းရေးမလုပ်ရသေးသော ပေ ၂၀ ခန့် ပတ်လည်ရှိသည့် မိုင်းကွင်းတစ်ခုဖြစ်သည်ဟုလည်း သိရသည်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်ရခိုင်မှမြို့နယ်များတွင် အသက်အန္တရာယ်ထိခိုက်စေသောစစ်လက်ကျန်ပစ္စည်းများနှင့် မိုင်းများကြောင့် ဒေသခံပြည်သူများမှာနေ့စဥ်ရက်ဆက်ဆိုသလို ထိခိုက်သေဆုံးမှုမြင့် တက်လာနေသည်ဟု သိရသည်။
ထို့ကြောင့် AA ကမိမိထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်လက်ကျန်းပစ္စည်များနှင့်မိုင်းအန္တရာယ်ကင်းစင်ရေး မိုင်းရှင်းလင်းမှုများ၊ အသိပညာပေးများ၊မိုင်းအန္တရာယ်အသိပညာပေးစာစောင်များဖြန့်ဝေခြင်း၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘိုးနှင့် သတိပေးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ - ရခိုင်လွတ်မြောက်နယ်မြေတစ်ခုတွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်နေကြသည့် AA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ (Photo - APM)